ကျွန်းတောလမ်း၊ စမ်းချောင်းမုန့်တောင်ရပ်ကွက်ရုံးတွင် ဗုံးပေါက်၊ ဘီယာဆိုင်များနှင့် ဆိုင်များအတွင်းသို့ အကြမ်းဖက်စစ်တပ်က ဝင်ခြိမ်းခြောက်

သတင်း

ရန်ကုန်တိုင်းစမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းရှိ မုန့်တောင်ရပ်ကွက်ရုံးတွင် ယနေ့ ညနေ ၆ နာရီ ၅၀ မိနစ်က ဗုံးပေါက်ကွဲသွားပြီး အရပ်ဝတ် အကြမ်းဖက်စစ်ကောင်စီတပ်များက လက်နက်များ ကိုင်ဆောင်လျက် ဘီယာဆိုင်များနှင့် ဆိုင်များအတွင်းသို့ ဝင်ရောက် ခြိမ်းခြောက်မှုများ လုပ်ဆောင်သွားကြောင်း သိရှိရသည်။


“၆ နာရီ ၅၀ မိနစ်မှာ ဗုံးပေါက်တယ်။ မီးခိုးလုံးကြီး တက်သွားတယ်။ လူထိခိုက်တာ မကြားရဘူး။ အဲဒါ စစ်ခွေးတွေက အရပ်ဝတ်တွေ မျက်နှာဖုံးတွေ တပ်ပြီးတော့ စမ်းချောင်းက 777 ဘီယာဆိုင်နဲ့ Spirit နားမှာ လက်နက်တွေ တကားကားနဲ့လူတွေကို ခြိမ်းခြောက်ပြီး သေနတ်ပြ ဆဲဆိုသွားတယ်” ဟု စမ်းချောင်းကျွန်းတောလမ်းနှင့်ဗားကရာလမ်းထိပ်နေထိုင်သူ ပြည်သူတစ်ဦးက ပြောသည်။
စမ်းချောင်းလမ်းတွင် နေထိုင်သူ ဒေသခံတစ်ဦးကမူ 777 ဘီယာဆိုင်ထဲတွင် လူငယ် ၃ ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်များက ဖမ်းဆီးသွားသည်ဟု ဆိုသည်။
ယခုအခါ စမ်းချောင်းတွင် စစ်ကားနှင့် Double Cap ကားများဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်များက လှည့်ပတ်နေပြီး တချို့မသင်္ကာသူများကို အိတ်များဖွင့်၍ ရှာဖွေမှုများလုပ်ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- မုန့်တောင်ရပ်ကွက်ရုံး ဗုံးပေါက်နေစဉ်။