Home အနုပညာ ငွေကျပ် ၂ သိန်းသာအသုံးပြုထားပြီး လူငယ်တွေ ဖန်တီးထားတဲ့ အဆင့်မီမြန်မာ့ Sci-fi Short Film

ငွေကျပ် ၂ သိန်းသာအသုံးပြုထားပြီး လူငယ်တွေ ဖန်တီးထားတဲ့ အဆင့်မီမြန်မာ့ Sci-fi Short Film

71
0

အခုနောက်ပိုင်းမှာ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ အနုပညာလောကကြီးဟာလည်း အသစ်အသစ်သောပြောင်းလဲမှုတွေ ငြင်သာသော အရွေ့တွေနဲ့အတူ ပြောင်းလဲလာခဲ့ပါပြီ။ နောက်ပိုင်းမှာ သာမန်ရုပ်ရှင်ဇာတ်လမ်းတွေထက် Sci-Fi လို့ ခေါ်တဲ့ သိပ္ပံဇာတ်လမ်းတွေကို လူတွေက ပိုပြီး စိတ်ဝင်စားလာကြတယ်ဆိုရင်လည်းမမှားပါဘူး။ မြန်မာနိုင်ငံမှာလည်း နိုင်ငံတကာလိုပဲ သိပ္ပံခတ်လွန်နည်းပညာတွေနဲ့ Superheros တွေပေါင်းစပ်ထားတဲ့ Marvel တို့ DC တို့ရဲ့ဇာတ်ကားတွေ၊ The Transformers လို၊ Bumblebee လိုဇာတ်ကားတွေကိုအားပေးကြည့်ရှု့သူတွေပိုပိုများလာခဲ့ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံကနေပြီးတော့ ရေခံမြေခံကောင်းကောင်းနဲ့ Sci-Fi ဇာတ်လမ်းရုပ်ရှင်ရိုက်တယ်ဆိုတာကတော့ မရှိသလောက်ကိုရှားတယ်ဆိုရမှာပါ။ အခုတော့ လူငယ်ဒါရိုက်တာတွေ သရုပ်ဆောင်တွေ special effects ဖန်တီးသူတွေနဲ့ စုပေါင်းဖန်တီးထားတဲ့ Sci-Fi ရုပ်ရှင်အတိုလေးထွက်ရှိလာပါပြီ။

အဲဒီရုပ်ရှင်အတိုလေးက ဆယ်မိနစ်စာဇာတ်လမ်းဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ အသံပိုင်းဆိုင်ရာ effects တွေကိုတော်တော်လေးကောင်းအောင်လုပ်ပေးထားနိုင်တာတွေ့ရပါတယ်။ ဒါ့အပြင် ရှာရဖွေရခက်ခဲမယ့် ဂြိုလ်သား costume တွေကိုလည်း အတတ်နိုင်ဆုံး ရုပ်မပေါက်အောင် အဆင်ပြေပြေနဲ့ အမိုက်စားဖန်တီးထားတာတွေ့ရပါတယ်။ ဒါ့အပြင် သာမန် ယေဘုယျ sci-fi ဇာတ်လမ်းတွေထဲက ခွဲထွက်လာပြီး မတူညီတဲ့ရှု့ထောင့်ကနေ ကမ္ဘာကြီးကိုမြင်တဲ့အမြင်တွေကိုလည်း ပရိသတ်တွေရင်ထဲထည့်ပေးသွားနိုင်ပါတယ်။ ဂြိုလ်သားစကားတွေ စာတွေကိုလည်း ကြုံရာကောက်ထည့်ထားတာမျိုးမဟုတ်ပဲ သေချာ research လုပ်ပြီးမှထည့်ထားတာလည်း ပေါ်လွင်နေတယ်ဆိုရမှာပါ။

Sci-Fi ဇာတ်လမ်းတိုလေးရဲ့ နာမည်က The Earth ဖြစ်ပြီး The Turblence Production ကထုတ်တာပါ။ ဇာတ်လမ်းကတော့ သိပ်မထူးခြားလှတဲ့ကျောရိုးမျိုးပဲဖြစ်ပြီး အာကာသထဲက ဂြိုလ်သားမျိုးနွယ်တစ်စုက သူတို့ဂြိုလ်ပျက်စီးတော့မှာဖြစ်လို့ နေအဖွဲ့အစည်းထဲမှာပြောင်းရွှေ့နေထိုင်ဖို့အခြားသောဂြိုလ်တစ်ခုကို ရှာဖွေရာက စတာပါ။ ဒါပေမယ့် အဲဒီလို မထူးခြားတဲ့ ဇာတ်လမ်းကို ပရိသတ်တွေစိတ်ထဲမှာအသိတရားတွေဝင်အောင် နင့်နင့်နဲနဲခံစားမိသွားအောင် ရိုက်ကွက်တွေချပြတတ်တာကလည်း လေးစားစရာပါပဲ။ ကိုယ်နေထိုင်နေတဲ့ ဂြိုလ်က ပျက်တော့မှာမို့ နောက်ထပ်ဂြိုလ်တွေကိုရှာဖို့ တစ်ဂြိုလ်ကိုတစ်ဦးကျစီရှေ့ပြေးလေ့လာဖို့စေလွှတ်ခံရတဲ့ ဂြိုလ်သားတွေထဲက တစ်ဦးက ကမ္ဘာဂြိုလ်ကိုရောက်လာခဲ့ပါတယ်။ အဲဒီဂြိုလ်သားဟာ ကမ္ဘာပေါ်ကအခြေအနေတွေကို တွေ့တဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဆယ်မိနစ်စာ ရုပ်ရှင်လေးမှာ ရင်သပ်ရှု့မောကြည့်ရှု့ကြရမှာပါ။ဒီရုပ်ရှင်တစ်ခုလုံးကိုရိုက်ဖို့ ပိုက်ဆံနှစ်သိန်းသာအသုံးပြုထားတယ်လို့လည်းသိရပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် The Earth ဆိုတဲ့ ဆယ်မိနစ်စာရုပ်ရှင်လေးကို ဖော်ပြပေးလိုက်ပါတယ်။

အဲဒီရုပ်ရှင်လေးဟာ တစ်ခဏအတွင်းမှာကို View ပေါင်းသုံးထောင်နီးပါးရှိသွားခဲ့ပြီး ပြန် share သူပေါင်းတစ်ထောင်ကျော်သွားခဲ့ပါတယ်။ အခုထိလည်း View တွေက အရှိန်အဟုန်နဲ့တိုးပွားလာနေဆဲပါ။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော မြန်မာနိုင်ငံရဲ့ လူငယ်တွေဖန်တီးထားတဲ့ ပထမဆုံး Sci-Fi ရုပ်ရှင်တိုလေးကိုဘယ်လိုသဘောရလဲ။ သူများတွေမှတ်ချက်ပေးထားကြသလိုပဲ လက်ရှိမြန်မာနိုင်ငံအနုပညာလောကမှာ အဆင့်အမြင့်ဆုံး အကောင်းဆုံး effects တွေကို သုံးထားနိုင်တယ်လို့မြင်ကြလား။ ပြောခဲ့ကြပါဦး။