စင်ရော်မောင်မောင်နဲ့ ငွေကြေးညှိနှိုင်းမှုအဆင်မပြေတဲ့အကြောင်းပြောလာတဲ့ တရားလိုဒေါ်စန်းစန်းမြင့်

အနုပညာ

ဒေါ်စန်းစန်းမြင့်ကတော့ သူမဆီကို ဒါရိုက်တာစင်ရော်မောင်မောင်က ငွေကြေးကိစ္စ လာရောက်ညှိနှိုင်းပေမယ့် အခုချိန်ထိ မပေးသေးဘူးလို့ ဆိုပါတယ်။


မေသန်းနုကို နောက်တိုးအမှုအဖြစ် တရားစွဲဆိုထားတဲ့ ရုံးချိန်းကတော့ ဒီနေ့(ဖေဖော်ဝါရီလ ၂၇ ရက်) န့လယ်ပိုင်းက ရန်ကင်းတရားရုံးမှာ ပြုလုပ်ခဲ့ပါတယ်။ တရားလို ဒေါ်စန်းစန်းမြင့်အနေနဲ့ မေသန်းနုရဲ့ ခင်ပွန်းဟောင်းဖြစ်သူ ဒါရိုက်တာ စင်ရော်မောင်မောင် က သူမကို နစ်နာသွားတဲ့ ငွေကြေးတွေ ပြန်မပေးခဲ့တဲ့အကြောင်း မီဒီယာ အင်တာဗျူးတွေမှာ ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။

“နင့်ရဲ့ နစ်နာဆုံးရှုံးသွားတဲ့ ပိုက်ဆံတွေ ပြန်ပေးမယ်ပြောလို့ ကျွန်မ သွားခဲ့တာပါ။ ကျွန်မ ဘဏ်စာရွက်၊ ကားတစ်စီးနဲ့ သိန်း ၄၀၀ အတွက် သိန်း၁၂၅၀ တောင်းတာပါ။ ကျန်တာ မဟုတ်ပါဘူး။ ဒါကို သူပေးရင် ကျွန်မယူမှာပါ။ ကျွန်မကို မပေးဖြစ်ပဲနဲ့ ဘယ်လိုပေးမယ်၊ ညာလိုပေးမယ်ဆိုတာတွေ သူပြောလို့ ကျွန်မ သွားခဲ့တာ။ ပိုက်ဆံလည်း မပါလာဘူး။ ဘာမှလည်း မမြင်ပါဘူး။ မင်းသန့်ကိုရော၊ ဦးမောင်ကိုရော စာရွက်စာတမ်းတွေ အကုန်ပြလိုက်တယ်။ သူပြောထားတာတွေနဲ့ မကိုက်ညီလို့ ကျွန်မလည်း ပြန်လာခဲ့တာပါ။ လွန်ခဲ့တဲ့ ၄ နှစ်တုန်းကလည်း ဦးမောင်ကို ဒီလိုပဲ စာရွက်စာတမ်းတွေ ပြခဲ့ဖူးတယ်။ သူလည်းသိတယ်။ ဒါကို ဒီလိုပြောတာ စိတ်မကောင်းဖြစ်ရပါတယ်” လို့ သူကဆိုပါတယ်။

ဒါရိုက်တာစင်ရော်မောင်မောင်ကလည်း မေသန်းနုရဲ့ အမှုနဲ့ ပတ်သက်ပြီး တရားလို ဒေါ်စန်းစန်းမြင့်ရဲ့ တရားစွဲဆိုမှုတွေဟာ တရားမျှတမှု မရှိဘူးလို့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပြုလုပ်တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ သူဟာ ဒေါ်စန်းစန်းမြင့်နဲ့ ငွေကြေးညှိနှိုင်းမှုတွေလုပ်ခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် တရားဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်းသူက ပြောပါတယ်။ ဒီနေ့(ဖေဖော်ဝါရီလ ၂၇ရက်)မှာပြုလုပ်တဲ့ ရုံးချိန်းမှာတော့ ဒေါ်စန်းစန်းမြင့်က ဒါရိုက်တာစင်ရော်မောင်မော င်ဟာ သူမ နစ်နာခဲ့တဲ့ ငွေကြေးတွေ ပြန်မပေးခဲ့တာကြောင့် ညှိနှိုင်းမှုကို လက်မခံခဲ့ဘူးလို့ ပြောပါတယ်။

ဒေါ်စန်းစန်းမြင့်ဟာ လက်ရှိမှာ မေသန်းနုကို ရာဇသတ်ကြီးပုဒ်မ ၂၇၅ နဲ့ သင်္ဃန်းကျွန်းတရားရုံးမှာ တရားစွဲဆိုထားတာဖြစ်ပါတယ်။ သူမ နစ်နာခဲ့တဲ့ ငွေကြေးအကုန်လုံး ပြန်ရမှသာ အဆိုပါ အမှုကို ရုပ်သိမ်းပေးမယ်လို့လည်း အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ အကယ်၍ ဒါရိုက်တာ စင်ရော်မောင်မောင် တို့ဘက်က ငွေကြေးညှိနှိုင်းမှုတွေ လုပ်ဆောင်ပါက ရုပ်ရှင်အစည်းအရုံးမှာ ညှိနှိုင်းစေချင်တယ်လို့ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။

“ ကျွန်မ ဆုံးရှုံးသွားတဲ့ ပိုက်ဆံတွေထဲကမှ ဒီလောက် တတ်နိုင်သလောက် ငွေကြေးပေးသွားတယ်ဆို ရင်တောင် ကျွန်မ လက်ခံပါတယ်။ ကျွန်မမှာ မိသားစုရှိတယ်၊ ကျွန်မကို သူတို့ပြောတဲ့အရာတွေက သူတို့ပဲ သိပါတယ်။ အခုလည်း ပြောနေကြတာတွေက ဘုရားသိတယ်၊ ကျွန်မကို မတရားလုပ်ရင် မတရားပဲ ခံစားခဲ့ရမှာပါ။ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်ကိုလည်း သွားပြောခဲ့ပါတယ်။ ပေးမယ်ဆိုရင်လည်း ဆရာတို့ အရှေ့မှာပဲ လာပေးစေချင်တယ်လို့ ကျွန်မသွားပြောခဲ့တာပါ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

မေသန်းနုကတော့ လက်ရှိမှာ ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ ရန်ကင်းတရားရုံးက ထောင်ဒဏ် တစ်နှစ် ကျခံဖို့ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။ သူမကို တရားစွဲဆိုထားတဲ့ ဒေါ်စန်းစန်းမြင့်ကလည်း သင်္ဃန်းကျွန်းတရားရုံးမှာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ရာဇသတ်ကြီးမှုအမှတ် ၂၇၅/၁၇၊ပုဒ်မ ၄၂၀ နဲ့ နောက်တိုးတရားခံအဖြစ် စွပ်စွဲထားတာဖြစ်ပြီး ကမာရွတ် တရားရုံးမှာလည်း မေသန်းနုကို ထပ်မံ တရားစွဲဆိုထားသေးတယ်လို့ သိရပါတယ်။ သူမအတွက် အနုပညာအသိုင်းအဝိုင်း ကရော၊ ပရိသတ်တွေ၊ မိသားစုတွေကပါ စိတ်မကောင်းဖြစ်လို့နေပါတယ်။ Source – Celeyatkwat