အမေများအဖွဲ့ကို အလှူငွေ (၁၄)သိန်းနဲ့ စားစရာတွေ လှူဒါန်းခဲ့တဲ့ ဖွေးဖွေး

အနုပညာ

ဖွေးဖွေးက ဒီနေ့မှာ အမေများအဖွဲ့အတွက် အလှူငွေတွေနဲ့ စားစရာတွေ သွားရောက်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ပရိသတ်တွေရဲ့ အချစ်တော် ဖွေးဖွေးက ဒီနေ့(မတ်လ၁၆ရက်) မှာ သန်လျင်၊အောင်ချမ်းသာရပ်ကွက်တွင်ရှိတဲ့ အမေများအိမ်ရာသို့ သွားရောက်ပြီး လိုအပ်တာတွေ သွားရောက်လှူဒါန်းခဲ့တာတွေ့ရပါတယ်။ အမေများအဖွဲ့အတွက် အလှူငွေကျပ် (၁၄)သိန်းနဲ့အတူ စားစရာတွေ လှူဒါန်းခဲ့ပြီး အမေများအဖွဲ့ဝင်နဲ့အတူ ဒီနေ့လေးကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့တာပါ။သူမ ပြုလုပ်ခဲ့တဲ့ အလှူအတန်းတွေကိုလည်း ပရိသတ်တွေ သာဓုခေါ်နိုင်အောင် သူမရဲ့ My day မှာ တင်ခဲ့ပါသေးတယ်။

ဖွေးစိန်ကတော့ မကြာသေးခင်က ဒါရိုက်တာ ပွင့်သိင်္ဂီဇော်ရိုက်ကူးတဲ့ ” ရွှေဖူးစာ” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ တောသူဌေးမလေး တစ်ယောက်အဖြစ်ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကား အမျိုးအစားကတော့ ကျေးရွာဟာသဇာတ်ကားလေးပါ။ ဟာသဇာတ်ကားတွေကို မရိုက်တာ တော်တော်ကြာပြီဖြစ်တဲ့ ဖွေးဖွေးက ” ရွှေဖူးစာ” ရုပ်ရှင်ဇာတ်ကားမှာ ပြန်ပြီးတော့ ပါဝင်လာတာကလည်း ပရိသတ်တွေကို မတူညီတဲ့ ရသတွေ ထပ်ပေးချင်လို့ပါလို့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အဲဒီဇာတ်ကားက ရတဲ့ အနုပညာကြေးနဲ့ မိဘတွေကို ကန်တော့ခဲ့ပါသေးတယ်။

ဖွေးဖွေးဟာ အလှူအတန်းတွေနဲ့ ပတ်သက်ရင်လက်မနှေးတတ်သူလေးပါ။အနုပညာလောကသားတွေအတွက် လိုအပ်ရင် လိုအပ်သလို လှူဒါန်းမှုတွေ ပြုလုပ်ပေးပြီး စတုဒီသာအလှူတွေ အမြဲလုပ်တတ်တဲ့ အနုပညာရှင်တစ်ဦး လည်း ဖြစ်ပါတယ်။

ဖွေးဖွေး(Phway Phway)က ၂၀၁၈ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ ဆိုရင် အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။