လူနာအမှတ် ၆ နဲ့ ထိတွေ့ခဲ့ပြီး အိမ်မှာ စောင့်ကြည့်ခံနေရသူ တစ်ဦးသေဆုံး

သတင်း

သာကေတမြို့နယ် အနော်မာ ၅ လမ်းမှာ နေထိုင်တဲ့ အသက် ၇၀ ကျော်အရွယ် အမျိုးသား တစ်ဦးဟာ လူနာအမှတ် ၆ နဲ့ ထိတွေ့မှု ရှိခဲ့တာကြောင့် နေအိမ်မှာပဲ အသွားအလာကန့်သတ်ပြီး စောင့်ကြည့်နေတာပါ။အဲဒီအမျိုးသားကြီးဟာ ဧပြီ ၁၀ ရက်က စပြီး အသက်ရှုရခက်တာ၊ မောပန်းတာကြောင့် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ကုသခဲ့တာလို့ သိရပါတယ်။

ဒီနေ့ဧ ပြီလ ၁၁ ရက်မှာတော့ အဲဒီအမျိုးသားကြီးဟာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူဟာ Covid-19 လူနာ ဟုတ်မဟုတ်ကို ဓာတ်ခွဲနမူနာ ယူပြီး စစ်ဆေးနေတယ်လို့ သာကေတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာဝေဖြိုးအောင်က ပြောပါတယ်။လူနာ အမှတ် ၆ဟာ မတ်လ ၂၁ ရက်မှာ အင်္ဂလန် နိင်ငံကနေ ပြန်ရောက်လာတာ ဖြစ်ပြီး အင်းစိန်မြို့နယ်မှာ နေထိုင်သူဖြစ်ပါတယ်။

သူ့ကို မတ် လ ၂၆ ရက်မှာ မှ ဝေဘာဂီဆေးရုံကြီးကို ပို့ဆောင်ပြီး အသွားအလာကန့်သတ်ထားခဲ့ရာကနေ မတ် လ ၂၇ ရက်မှာ Covid-19 ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာပါ။မတ်လ ၂၈ ရက်မှာမှ သူနဲ့ နီးစပ်သူတွေကို ဖော်ထုတ်ပြီး အခု ဆုံးပါးသွားတဲ့ သာကေတမြို့နယ်က အမျိုးသားကိုပါ နေအိမ်မှာ အသွားအလာကန့်သတ်စောင့်ကြည့်ခဲ့တာ ဖြစ်ပါတယ်။

သတင်း – အိဖြူလွင်