မေသန်းနုအတွက် စိတ်မကောင်းဖြစ်တယ်ဆိုတဲ့ စင်ရော်မောင်မောင်

အနုပညာ

ကယ်ဒမီ သရုပ်ဆောင် မေသန်းနုကတော့ နိုင်ငံတော်သမ္မတအမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ မပါခဲ့တဲ့အပေါ် ဒါရိုက်တာ စင်ရော်မောင်မောင်က အခုလို ပြောပြလာပါတယ်။

မြန်မာ့နှစ်သစ်ကူး အထိမ်းအမှတ်အနေနဲ့ နိုင်ငံတော်သမ္မတရဲ့ အမိန့်နဲ့ နိုင်ငံတစ်ဝှမ်းမှ အကျဉ်းထောင်များတွင် ပြစ်ဒဏ်အသီးသီးကျခံနေရတဲ့ အကျဉ်းသား(၂၄,၈၉၆) ဦး ကို ဧပြီလ ၁၇ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်လို့သိရပါတယ်။ အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်ရသူတွေထဲမှာ အကယ်ဒမီ မေသန်းနု မပါဝင်ခဲ့ဘူးလို့ ခင်ပွန်းဟောင်းဖြစ်သူ ဒါရိုက်တာ စင်ရော်မောင်မောင်က ပြောပါတယ်။

“အ တိတ် ကံ…! လွှတ် မယ့်အထဲ မ ပါ ပါ ခင် ဗျာ” ဆိုပြီးတော့ ဧပြီလ ၁၇ ရက်နေ့ မနက် ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ မေသန်းနု အတွက် သူမကို ချစ်တဲ့ ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်တဲ့အကြောင်းတွေကို စင်ရော်မောင်မောင်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ Comment တွေ ရေးခဲ့ကြတာ တွေ့ရပါတယ်။သရုပ်ဆောင် မေသန်းနုလိုပဲ အဆိုတော် အစ္စဏီလည်း ဒီလွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ မပါဝင်ခဲ့ဘူးလို့ သိရပါတယ်။

မေသန်းနုကတော့ လက်ရှိမှာ ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ ရန်ကင်းတရားရုံးက ထောင်ဒဏ် တစ်နှစ် ကျခံဖို့ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။ အဆိုပါအမှုအတွက် ခင်ပွန်းဟောင်းဖြစ်သူ ဒါရိုက်တာစင်ရော်မောင်မောင်ဟာ မတ်လ(၁၁) ရက်နေ့က ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှာ အယူခံဝင်ခဲ့ပေမယ့် ပယ်ချခြင်းခံခဲ့ရတယ်လို့လည်း စင်ရော်မောင်မောင်က အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

စင်ရော်မောင်မောင်အနေနဲ့ သူချစ်တဲ့ သားလေးတစ်ယောက် ခံစားနေရတာတွေကို မကြည့်ရက်တော့ တာကြောင့် မေသန်းနုရဲ့ အမှုကိစ္စမှာ ပါဝင်ဆောင်ရွက်ပေးဖို့ ဆုံးဖြတ်ချ ချခဲ့ရတာလည်း ဖြစ်ပါတယ်။ တရားလိုဘက်က တင်ပြမှုတွေဟာ တရားမျှတမှု မရှိဘူးလို့လည်း စင်ရော်မောင်မောင်က ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ စာနယ်ဇင်း အသိပေးပွဲမှာ ပြောပြခဲ့ဖူးပါတယ်။ အဲဒီနောက် အပြစ်ဒဏ်ကျခံနေရတဲ့ ဇနီးဟောင်းဖြစ်သူ သရုပ်ဆောင် မေသန်းနု ရဲ့ ကျန်းမာရေးကိုလည်း စိုးရိမ်မိတယ်လို့သူက ပြောပါတယ်။

မေသန်းနုကို တရားစွဲဆိုထားတဲ့ တရားလိုဒေါ်စန်းစန်းမြင့် ကလည်း သင်္ဃန်းကျွန်းတရားရုံးမှာ ဖေဖော်ဝါရီလ (၁၈) ရက်နေ့က ရာဇသတ်ကြီးမှုအမှတ် ၂၇၅/၁၇၊ပုဒ်မ ၄၂၀ နဲ့ နောက်တိုးတရားခံအဖြစ် စွပ်စွဲထားတာဖြစ်ပြီး ကမာရွတ် တရားရုံးမှာလည်း မေသန်းနုကို ထပ်မံ တရားစွဲဆိုထားသေးတယ်လို့ သိရပါတယ်။ သူမအတွက် အနုပညာအသိုင်းအဝိုင်း ကရော၊ ပရိသတ်တွေ၊ မိသားစုတွေကပါ စိတ်မကောင်းဖြစ်လို့နေပါတယ်။ မေသန်းနုကတော့ အကယ်ဒမီဆုတွေ အများကြီးပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ Duwun