အသက်(၃၀) ပြည့်သွားပြီဖြစ်တဲ့ ပရိသတ်အချစ်တော် မိစန္ဒီ

အနုပညာ

မိစန္ဒီကတော့ ရက်ပ်သီချင်းတွေနဲ့ပရိသတ်တွေရဲ့ အသည်းကိုဖမ်းစားထားနိုင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သူမတူတဲ့ပုံစံလေးနဲ့အနုပညာတွေဖန်တီးနေသလို ပွင့်ပွင့်လင်းလင်းနဲ့ဟန်ဆောင်မှုမရှိတဲ့ အပြုအမူတွေကြောင့်လည်း ပရိသတ်တွေကအချစ်ပိုနေကြတာပါ။ မိစန္ဒီကတော့ သူ့ရဲ့မွေးနေ့လေးမှာ ပြောင်းလဲရင့်ကျက်လာတဲ့အတွေ့အကြုံလေးတွေကို ပရိသတ်ကိုပြန်လည်မျှဝေလိုက်ပါတယ်။ ဒီနေ့လေးကတော့ မိစန္ဒီတစ်ယောက်အသက် (၃၀)ပြည့်သွားတဲ့နေ့လေးလည်း ဖြစ်ပါတယ်။

သူ့ရဲ့ဖေ့ဘွတ်ခ်မှာတော့ “Happy Birthday to me ပျော်လိုက် စိတ်ညစ်လိုက်..စိတ်ဓါတ်တွေတက်လိုက် ကျသွားလိုက် နဲ့ .. အချိုးအကွေ့ သိပ်များတဲ့ လူ့ဘဝကြီးထဲမှာ ရှင်သန်လာရင်း အသက် နောက်တစ်နှစ်ကြီးသွားပြန်ပြီ.. အသက်ကြီးလာတာနဲ့ အမျှ လူတွေအကြောင်း ပိုသိလာတယ်.. ကိုယ့်အပေါ်ဘယ်သူက တကယ်ကောင်းတာလဲ ဘယ်သူကတော့ ဟန်ဆောင်တာလဲ..ပြီးတော့ ကိုယ့်အကြောင်းလည်း ကိုယ်ပိုသိလာတယ်..ကိုယ် ဘာဖြစ်ချင်လဲ ဘာလိုချင်တာလဲ ပိုသိလာတယ်..နောက်ပြီး.. လွှတ်ချသင့် ကျောခိုင်းသင့်တဲ့အရာတွေကို ပေတေပြီး ဆုပ်ကိုင် မနေတော့ပဲ လွှတ်ချတတ်လာတယ်..ရင်ခုန်စိတ်လှုပ်ရှားစရာ ပျော်ရွှင်မှုတွေထက် တည်ငြိမ်စစ်မှန်သော အေးချမ်းမှု ကို ပိုလိုလားလာတယ်..ဒါဆို အောင်မြင်မှုရောတွေ ချမ်းသာမှုတွေရော မဘိုချင်ဘူးလား?? ပုထုစဉ်ပဲ.. သိပ်လိုချင်တာပေါ့..ဒါပေမယ့် အဲ့ဒီ့ အောင်မြင်မှု ချမ်းသာမှုတွေထက် မေတ္တာတရားကို ပိုမက်မောတယ်.. Coz မေတ္တာတရားက အေးချမ်းတယ်” လို့ရေးသားထားတာပါ။

ပရိသတ်တွေနဲ့ပတ်သက်ပြီးလည်း “ပရိတ်သတ်တွေကရော? မိစန္ဒီကို သိပ်ချစ်ကြပါတယ်.. အသံလည်းမကောင်း ရုပ်လဲမချော.. (သီချင်းရေးတာနဲ့ rapဆိုတာတော့ နဲနဲကောင်းတယ် လုပ်လိုက်ပါ) fashion အမြင်လည်းမရှိ..ဝိတ်ကလည်းအတက်ပဲရှိ အကျမရှိ ပြီးတော့ ဘယ်လိုမှလည်း လှလှပပ ကြွကြွရွရွ မနေတတ်တဲ့ ပေတီးပေစုတ် ဒီကောင်မလေး (အခုတော့ မမပေါ့) ကို ဆယ်စုနှစ်ကျော်တဲ့ အထိ နှစ်ပေါင်းများစွာ အားပေးပြီး ချစ်ရှာတယ်..

မိစန္ဒီမှာ အားနည်းချက်တွေအများကြီးရှိပေမယ့် သီချင်းစဆိုတည်းက ပရိတ်သတ်တွေအတွက် အစွမ်းကုန် ကြိုးစားခဲ့တာတွေ သူတို့ အသိအမှတ်ပြုပြီး အားပေးကြတယ်.. အခုချိန်ထိ “မိစန္ဒီ” ဆိုတဲ့ ဒီနေရာလေးတစ်နေရာကို ရင်ထဲမှာ သူတို့တွေပေးထားကြရှာတယ် မိစန္ဒီ သိပ်ချစ်တဲ့သီချင်းတွေ ဆိုပြခွင့်ပေးထားရှာတယ်..ဒီ ၅၂၈မေတ္တာခွန်အားတွေနဲ့ မိစန္ဒီ နေ့ရက်သစ်တွေတိုင်းမှာ ပိုရိုးသားစွာ ပိုအေးချမ်းစွာ နေထိုင်လို့အစားတွေ အများကြီးစားပြီး ကိုယ်ချစ်တဲ့သူတွေအားလုံးအတွက် အလုပ်တွေအများကြီး ပိုလုပ် .. သီချင်းတွေ အများကြီး ပိုရေးပိုဆိုပြီး ပိုကြိုးစားပါ့မယ်နော်.. “ဆိုပြီးတော့လည်း ရေးသားထားတာပါ။

မိစန္ဒီကတော့ အသက်တစ်နှစ်ကြီးသွားတဲ့အချိန်မှာပြောင်းလဲလာမှုတွေကို ပရိသတ်တွေကိုမျှဝေခဲ့သလို ချစ်ရတဲ့ပရိသတ်တွေကြောင့် အလုပ်တွေပိုကြိုးစားတော့မယ်လို့ ဆိုထားပါတယ်။ မွေးနေ့မှစပြီးအောင်မြင်ပျော်ရွှင်တဲ့နေ့ရက်များစွာပိုင်ဆိုင်နိုင်ပါစေ မိစန္ဒီရေ….