အွန်လိုင်း Live အလှူလေးရပ်မရအောင် နာရီပေါင်းများစွာ လှူဒါန်းပေးခဲ့ကြတဲ့အလှူရှင်တွေကို ကျေးဇူးတင်စကားဆိုလိုက်တဲ့ ချစ်သုဝေ

အနုပညာ

ခေတ်သစ်ဖောင်ဒေးရှင်းရဲ့ပဲ့ကိုင်ရှင် လင်းလင်းနဲ့ချစ်သုဝေတို့ဇနီးမောင်နှံကတော့ မြန်မာနိုင်ငံမှာကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားကတည်းက လိုအပ်တဲ့နေရာတွေကို ဆက်တိုက်လှူဒါန်းပေးခဲ့တာ အခုဆို ကိုဗစ်ကပ်ရောဂါအတွက် လှူဒါန်းငွေ သိန်း(၄၀၀၀) နီးပါးရှိနေခဲ့ပြီ ဖြစ်ပါတယ်။ အခုလိုကာလမှာတော့ ကိုဗစ်ကပ်ရောဂါ ကုသရေး၊ ကိုဗစ်ကြောင့် ဒုက္ခရောက်နေတဲ့သူတွေအတွက် အလှူစတာတွေက ပိုအရေးကြီးနေတဲ့အချိန်မို့ နှလုံးခွဲစိတ်ကလေးများအတွက် ရည်ရွယ်ပြီး သူတို့မိသားစုရဲ့ Program ရိုက်ပြီးရှာထားတဲ့ အလှူငွေထဲက ယူသုံးရတာလည်း သိန်း(၁၀၀၀) နီးပါး ရှိနေခဲ့ပြီလို့ ဆိုပါတယ်။

ဒါကြောင့်မို့ ချစ်သုဝေကတော့ နောက်ထပ် ကိုဗစ်ကာကွယ်ရေးလုပ်ငန်းစဉ်တွေမှာ လှူဒါန်းနိုင်ဖို့အတွက် အလုအယက်တွေလှူကြရအောင် ဆိုတဲ့ခေါင်းစဉ်လေးနဲ့အတူ Online Live Donation အစီအစဉ်လေးကို အကောင်အထည်ဖော်ခဲ့ပြီး မနေ့ညက Live လွှင့်ကာ ပါဝင်လှူဒါန်းလိုသူအားလုံးကို ဖိတ်ခေါ်ခဲ့ပါတယ်။ မထင်မှတ်ထားလောက်အောင်ပဲ ည(၇) နာရီက စတင်ခဲ့တဲ့ Live က နောက်တနေ့ကူးသွားတဲ့အထိ ရပ်မရအောင် ငါးနာရီကျော်စာလောက် လှူဒါန်းပေးမှုတွေ ရှိခဲ့ပါတယ်။

ငါးထောင်၊ တစ်သောင်းက စလို့ ကိုယ်တတ်နိုင်သလောက် ခေတ်သစ်ဖောင်ဒေးရှင်းနဲ့အတူတူ ပါဝင်ကုသိုလ်ယူပေးကြတဲ့သူတွေရဲ့အလှူလေးကိုတော့ ချစ်သုဝေက ပျော်တယ်ဆိုတာထက်များစွာပိုသော ကြည်နူးမှုတွေ… Live လွှင့်တာရပ်မရအောင် နောက်နေ့ကူးသည်အထိ လှူကြတဲ့ အလှူရှင်တွေအားလုံးကို ကျေးဇူးတင်လျက် ဆိုပြီးတော့ ကြည်နူးပီတိအပြည့်နဲ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေဖော်ပြခဲ့ပါတယ်။ ယုံကြည်မှုအပြည့်နဲ့ လှူဒါန်းပေးသူတွေကြောင့် ရှေ့ဆက်အလုပ်တွေလုပ်ဖို့အတွက် ခွန်အားတွေအများကြီးရကြောင်း ပြောကြားရင်း ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။


Source – Chit Thu Wai