ချစ်သူသက်တမ်း (၅) နှစ်အကြာမှာ လက်ထပ်လိုက်ပြီဖြစ်တဲ့ အဆိုတော်အမွန်း

အနုပညာ

အမွန်းကတော့ ချစ်သူဖြစ်တဲ့ ပြင်သစ်နိုင်ငံသား Raouf Bac နဲ့ ဒီနေ့မှာ လက်ထပ်လိုက်ပြီဖြစ်ပါတယ်။

အဆိုတော် အမွန်းကတော့ ပြင်သစ်နိုင်ငံသား ချစ်သူဖြစ်တဲ့ Raouf Bac နဲ့ အတူ ဒီနေ့ ( နိုဝင်ဘာလ ၃၀ ရက်) မှာ လက်ထပ်လိုက်ပြီဖြစ်ပါတယ်။ လက်ထပ်လိုက်ပြီဆိုတာကို ဒီနေ့ ( နိုဝင်ဘာလ ၃၀ ရက်) နေ့ နေ့လယ် (၁၁) နာရီကျော်က သူမရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ဓာတ်ပုံလေးတွေ တင်ရင်း ပရိသတ်ကို အသိပေးခဲ့ကြတာဖြစ်ပါတယ်။ အမွန်းနဲ့ Raouf Bac တို့ အတွက် ပရိသတ်တွေရော အနုပညာမောင်နှမတွေကပါ Comment ကနေ တဆင့် ဂုဏ်ပြုစကား ဆိုခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

အမွန်းဟာ Raouf Bac နဲ့ လက်ထပ်တဲ့ အချိန်မှာတော့ သူတို့ နှစ်ဦးရဲ့ ချစ်သူ သက်တမ်းက (၅) နှစ်တာကာလကို ရောက်ရှိလို့နေပါပြီ။ အမွန်းဟာ Raouf Bac နဲ့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တုန်းက နှစ်ဖက်မိဘ စုံညီစွာနဲ့ စေ့စပ်ခဲ့ကြပြီးသားဖြစ်ပါတယ်။ Raouf Bac က အမွန်းကို ၂၀၁၉ ခုနှစ်က ချစ်သူသက်တမ်း လေးနှစ်ပြည့်တဲ့ အချိန်မှာ လက်ထပ်ခွင့်တောင်းခဲ့တာလို့လည်း အမွန်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြခဲ့ဖူးပါတယ်။

အမွန်းကတော့ ၂၀၁၈ ခုနှစ်အတွင်းမှာ Raouf Bac နဲ့ ချစ်သူတွေ ဖြစ်နေပြီဆိုတာကို သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ဓာတ်ပုံလေးတွေ တင်ရင်း ပရိသတ်ကို အသိပေးလိုက်တာဖြစ်ပါတယ်။ အဲဒီအချိန်မှာတော့ သူတို့နှစ်ဦးရဲ့ ချစ်သူသက်တမ်းဟာ (၃) နှစ်ခန့်ရှိပါပြီ။ ပြည်ပနိုင်ငံသားတစ်ယောက်ကို တရားဝင်ချစ်သူအဖြစ် ချပြခဲ့ပြီးတဲ့နောက်မှာလည်း အမွန်းကို ဝေဖန်ခဲ့ကြတဲ့ ပရိသတ်တွေ ရှိလာခဲ့ပါတယ်။ ဒီဝေဖန်မှုတွေကိုလည်း အမွန်းတို့ ချစ်သူ နှစ်ဦးက ပြန်လည်တုံ့ပြန်ခဲ့ခြင်းမရှိပါဘူး။