ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေသူများနှင့် အရပ်သားများကို အကြမ်းမဖက်ရန် သံအမတ်များစုပေါင်းတောင်းဆိုသည့် ကြေညာချက်တွင် သြစတြေးလျ နှင့် နယူဇီလန် နိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများလည်း ပါဝင်လက်မှတ်ထိုးလာသောကြောင့် သံအမတ် ၁ရ ဦးထိရှိလာပြီဖြစ်သည်။
တရားဝင်အစိုးရဖြုတ်ချခံရခြင်းအတွက် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေကြသော ဆန္ဒပြ သူများနှင့် အရပ် သားပြည်သူလူထုအား အကြမ်းဖက်ခြင်းမှ ရှောင်ကြဉ်ရန် လုံခြုံရေးတပ်ဖွဲ့များကို တောင်းဆိုကြောင်း မြန်မာ နိုင်ငံဆိုင်ရာသံအမတ်ကြီးများက ဖေဖော်ဝါရီ ၁၄ရက် ညပိုင်းက ကြေညာချက်ထုတ်ပြန်ထား ခြင်းဖြစ်သည်။
ယခင် ကြေညာချက်တွင် ပါဝင်လက်မှတ်ထိုးထားသည့် သံအမတ်ကြီးများမှာ ကနေဒါ၊ မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံရုံးနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများဖြစ်ကြသော – ဒိန်းမတ်၊ ချက်သမ္မတနိုင်ငံ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် ဆွီဒင်နိုင်ငံ – နော်ဝေ၊ ဆွစ်ဇာလန်၊ ယူကေနှင့် အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများဖြစ်သည်။
နိုင်ငံရေးခေါင်းဆောင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းလှုပ်ရှားတက်ကြွသူများ၊ သတင်းသမားများနှင့် နိုင်ငံ့ဝန်ထမ်းများအား ဖမ်းဆီးထိန်းသိမ်းထားခြင်းနှင့်ဆက်လက်ဖမ်းဆီးနေခြင်းကို မိမိတို့အနေဖြင့် ပြတ်ပြတ်သားသားအတိအလင်း ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထို့ပြင် စစ်တပ်က ဆက်သွယ်ရေးစနစ်ကိုကြားဖြတ်နှောင့်ယှက်ခြင်းအပြင် မြန်မာနိုင်ငံသားများ၏ အခြေခံရပိုင်ခွင့် များနှင့် ဥပဒေအရအကာအကွယ်ပေးထားသည့်အခြေခံအခွင့်အရေးများကို ချုပ်ချယ်ကန့်သတ်ခြင်းအတွက်လည်း လူသိရှင်ကြားကန့်ကွက်ရှုတ်ချကြောင်း သံအမတ်များ၏ ကြေညာချက်၌ ပါရှိသည်။
ဒီမိုကရေစီ၊ လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနှင့်သာယာဝပြောမှုကို ရှာဖွေနေကြသော မြန်မာပြည်သူလူထုကို ထောက်ခံအားပေးနေပြီး တစ်ကမ္ဘာလုံးကလည်းစောင့်ကြည့်နေကြောင်း ဖော်ပြထားသည်။