Myanmar Idol Season 4 ရဲ့ Top 11 ရွေးချယ်မှုမှာမပါဘဲ ပြုတ်ခဲ့သူတစ်ဦးဖြစ်တဲ့ ဟန်နီနဲ့ မနေ့ကပြိုင်ပွဲမှာ ပြုတ်ခဲ့သူ နှင်းအိအိဝင်းတို့ ဘဝတူချင်းဖေးမတွေ့ဆုံမှု ပြုလုပ်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။
နှင်းအိအိဝင်းအနေနဲ့ တက္ကသိုလ်သီချင်းများ ပြိုင်ပွဲအပတ်စဉ်မှာ နေလင်းကျော်၊ နော်စေးစေးထူးတို့နဲ့အတူ Bottom 3 ထိုင်ခဲ့ရပြီး သူမနဲ့ နေလင်းကျော်တို့ နှစ်ယောက်က Vote အနည်းဆုံးအဖြစ် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ကြရတာဖြစ်ပါတယ်။
နှင်းအိအိဝင်းက သူမရဲ့ ဖေ့ဘုတ်မှာ ဟန်နီနဲ့ အတူပုံတင်ထားပြီး ” အခုမှပဲ လွတ်လွတ်လပ်လပ်တွေ့ရတော့တယ် တစ်ယောက်ကတော့ သီချင်းသွားဆိုနေတယ်” လို တင်ခဲ့တာဖြစ်ပါတယ်။
နှင်းအိအိဝင်းဟာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့အတွက် ဝမ်းနည်းနေပြီး သူမအနေနဲ့ ပြိုင်ပွဲမှာ ဆက်နေချင်သေးပေမယ့် ထွက်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။ အမေတွေ ဆရာတွေ လာအားပေးတဲ့ အပတ်မှာမှ ထွက်ခဲ့ရလို့လည်း စိတ်မကောင်းဖြစ်နေသလို Vote ပေးခဲ့တဲ့ ပရိသတ်တွေအတွက်လည်း စိတ်မကောင်းဘူးလို့ ဆိုပါတယ်။
သူမက ရှေ့ဆက်ပြီး ကိုယ်ပိုင်သီချင်းတွေ အများကြီးဆက်လုပ်သွားမယ်၊ ဂီတလမ်းကြောင်းပေါ်မှာ ဆက်ရှိနေမယ်လို့ ပြောခဲ့ပါတယ်။ သူမလိုအပ်ချက်ရှိနေလို့ အခုလိုဖြစ်ရတာလို့ သူမက ဖြေသိမ့်တွေးတယ်လို့ ပြောပါတယ်။