Goo Hara ရဲ့ သေဆုံးမှုနဲ့ ပတ်သတ်ပြီးထွက်ပေါ်လာတဲ့ သေတမ်းစာနဲ့ CCTV မှတ်တမ်း

အနုပညာ

နိုဝင်ဘာလ ၂၄ ရက်နေ့ မနေ့တုန်းက ဘ၀တစ်ပါးကိုပြောင်းရွှေ့ကွယ်လွန်သွားခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးအဆိုတော်နဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်သူ Goo Hara ရဲ့ သေဆုံးမှုနဲ့ပတ်သတ်ပြီး တာဝန်ရှိသူရဲတွေဘက်က စုံစမ်းစစ်ဆေးပြီးနောက်မှာတော့ သူမ မသေဆုံးခင်အချိန်မှာ နောက်ဆုံးရေးသားခဲ့တဲ့ စာတစ်စောင်ကို သူမ ကွယ်လွန်ခဲ့တဲ့နေအိမ်မှာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစာထဲမှာဆိုရင် Goo Hara ဟာ သူမနဲ့ပတ်သတ်ပြီး မကောင်းတဲ့အတွေးတွေကိုပဲ ရေးသားထားကို တွေ့ရတယ်လို့ ရဲတွေဘက်က ထုတ်ဖော်ပြောပြချက်အရ သိရပါတယ်။ ရဲတွေရဲ့ ထုတ်ပြန်ချက်အရကတော့ Goo Hara ရေးသားခဲ့တဲ့ ထိုစာဟာဆိုရင် အရမ်းကိုတိုတောင်းတဲ့စာဖြစ်ပြီး စာကိုတွေ့ရှိခဲ့တာကတော့ ဧည့်ခန်းထဲမှာရှိတဲ့ စားပွဲပေါ်ကနေ တွေ့ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားကြပါတယ်။

အသက်မဲ့နေပြီဖြစ်တဲ့ Goo Hara ကို စတင်တွေ့ရှိသူကတော့ သူမရဲ့အိမ်အကူဖြစ်ပြီး တွေ့ရှိချိန်ကတော့ တောင်ကိုရီးယားနိုင်ငံ စံတော်ချိန် ညနေ ၆ နာရီဖြစ်ပါတယ်။ ထိုအိမ်အကူဟာဆိုရင် Goo Hara နဲ့ အရမ်းကိုရင်းနှီးတဲ့သူဖြစ်ပြီး အခင်းဖြစ်ပွားတဲ့နေ့တုန်းက Goo Hara ကို ဆက်သွယ်လို့မရခဲ့တာကြောင့် အိမ်ကိုရောက်ရှိလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကျန်ရစ်သူမိသားစုဝင်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေကို စစ်ဆေးမေးမြန်းပြီးနောက် ထွက်ပေါ်လာတဲ့ရလဒ်တွေအရတော့ ပြစ်မှုကျူးလွန်ထားကြောင်းမတွေ့ရှိရဘူးလို့ ရဲတွေဘက်ကနေ အသိပေးထုတ်ဖော်ပြထားပါတယ်။ CCTV မှတ်တမ်းတွေကို ပြန်လည်စစ်ဆေးပြီးနောက် ထွက်ပေါ်လာတဲ့ ရလဒ်တွေရင်တော့ Goo Hara ဟာ သူမ ကွယ်လွန်ခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်နေ့တုန်းက နေ့ခင်း ၁၂ နာရီ ၃၅ မိနစ်လောက်မှာ အိမ်ကိုပြန်လာခဲ့ပြီး အဲဒီနောက်မှာတော့ သူမဆီကို ဘယ်သူမှာ လာရောက်လည်ပတ်ခြင်းမရှိဘူးဆိုတာကို တွေ့ရှိပါတယ်။

အခုလက်ရှိအချိန်မှာတော့ သေဆုံးမှုအကြောင်းအရင်းကို အတိအကျသိရှိနိုင်ဖို့အတွက် ကြွင်းကျန်ရစ်တဲ့ အလောင်းကို ခွဲစိတ်စစ်ဆေးမလား၊ မစစ်ဆေးဘူးလားဆိုတာကိုတော့ ကျန်ရစ်သူမိသားစုဝင်တွေနဲ့ ဆွေးနွေးတိုင်ပင်နေကြတယ်လို့ ဆိုပါတယ်။ ပရိသတ်တွေကတော့ Goo Hara ဟာ သူမကိုယ်သူမ အဆုံးစီရင်သွားတာဖြစ်နိုင်တယ်လို့ပဲ တစ်ထစ်ချယုံကြည် ကောက်ချက်ချထားကြပါတယ်။ ကွယ်လွန်ချိန်မှာတော့ သူမရဲ့ အသက်ဟာ ၂၈ နှစ်အရွယ် ရှိနေပြီ်ဖစ်ပါတယ်။

Source-မိုမိုလေး