ဘဝမှာဆပ်ရန်ကျန်တဲ့ ဝဋ်ကျွေးတွေကျေဖို့ ကုသိုလ်ကောင်းမှုတွေပြုလုပ်နေတဲ့ ခိုင်နှင်းဝေ

အနုပညာ

ဆယ်စုနှစ်တစ်ခုကျော်သည့်တိုင် ယနေ့အချိန်ထိအောင်မြင်မှုတွေကို သိမ်းပိုက်ထားနိုင်တဲ့ ခိုင်နှင်းဝေကတော့ လက်ရှိအချိန်မှာ အနုပညာအလုပ်တွေနဲ့အတူ ပရဟိတအလုပ်တွေကိုပါ တွဲဖက်လုပ်ကိုင်လာခဲ့တာဖြစ်ပါတယ်။ ခိုင်နှင်းဝေဟာ မိဘမဲ့ ကလေးတွေကို မိခင်တစ်ယောက်နဲ့ မခြားအောင် ရင်ဝယ်ပိုက်ပြီး ကျွေးမွေးစောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။ ဒါ့အပြင် ကုသိုလ်ကောင်းမှုတွေကိုလည်း လက်လှမ်းမှီရင်မှီသလို လုပ်ကိုင်တတ်သူတစ်ယောက်ဆိုလည်းမမှားပါဘူး။

လက်ရှိမှာလည်း ဘဝမှာဆပ်ရန်ကျန်တဲ့ ဝဋ်ကျွေးတွေကျေဖို့အတွက် ကုသိုလ်ကောင်းမှုတွေပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ ယခုလို ကုသိုလ်ကောင်းမှုတွေပြုလုပ်နေတယ်ဆိုတဲ့ အကြောင်းကို “ဇီဝိတဒါန ကုသိုလ်အဖြစ် ကျွန်မ ဘဝတွင် ဆပ်ရန် ကျန်ရှိသော ဝဋ်ကျွေးများမှ လွတ်မြောက်စေလိုခြင်း နှင့်အတူ ချုပ်နှောင်မှု မှ သတ္တဝါလေးတွေ လွတ်မြောက်စေလိုခြင်း ဖြင့် ဇီဝိတဒါန ကုသိုလ်အဖြစ် ငှက်လေးတွေ လွှတ်ပေးခြင်း ကုသိုလ်ယူခဲ့ပါတယ်ရှင်။ သတ္တဝါအပေါင်း လွတ်လပ်ပေါ့ပါးစွာ အေးချမ်းကြပါစေရှင်” ဆိုပြီး ခိုင်နှင်းဝေက သူမရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ(၂)ရက်နေ့ကလည်း ရှူတင်ရိုက်ကွင်းမှ လုပ်ဖော်ကိုင်ဖက် အဖွဲ့သားများကို ဆီ၊ကော်ဖီမစ်နဲ့ အခြားသော ပစ္စည်းတွေကို လက်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ခိုင်နှင်းဝေဟာဆိုရင် အမှန်တကယ် လိုအပ်နေတဲ့ သူတွေကို ထောက်ပံ့ပေးလေ့ရှိပြီး ပရဟိတလုပ်ငန်းတွေကိုလည်း ကိုယ်ကျိုးစွန့်လုပ်ဆောင်နေတာဖြစ်ပါတယ်။ပရိသတ်ကြီးရေ ဘဝမှာကျန်နေတဲ့ ဝဋ်ကျွေးတွေကျေဖို့ ကုသိုလ်ကောင်းမှုတွေပြုလုပ်နေတဲ့ ခိုင်နှင်းဝေအတွက် သာဓုခေါ်ခဲ့ပါဦး……။