မူရင်းအဆိုရှင်တစ်ယောက်ဖြစ်ပေမယ့် အသိမှတ်ပြုမခံခဲ့ရတာကြောင့် ဝမ်းနည်းမိတဲ့ နီနီဝင်းရွှေ

အနုပညာ

တစ်ခေတ်တစ်ခါက နာမည်ကျော်ကြားအောင်မြင်ခဲ့တဲ့ အမျိုးသမီးအဆိုတော်တစ်ယောက်ဖြစ်တဲ့ နီနီဝင်းရွှေကိုတော့ မသိသူရှိမယ်မထင်ပါဘူးနော်။ ပရိသတ်ပါးစပ်ဖျားမှာ စွဲစေခဲ့တဲ့ မြန်မာသံစစ်စစ်သီချင်းကောင်းပေါင်းများစွာကို ကိုယ်ပိုင်ဟန်နဲ့ဖန်တီးသီဆိုခဲ့ပြီး အောင်မြင်မှုရရှိခဲ့တာဖြစ်ပါတယ်။ သူဟာ လက်ရှိအချိန်မှာတော့ အမေရိကန်ပြည်ထောင်စု၊ လော့အင်ဂျလိစ်မြို့မှာ ပြောင်းရွှေ့နေထိုင်ပြီး အနုပညာလောကနဲ့အလှမ်းကွာဝေးခဲ့တာဖြစ်ပါတယ်။

လက်ရှိ ပရိသတ်စိတ်ဝင်စားမှုပြင်းထန်နေတဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ မြန်မာအိုင်ဒေါကတော့ Week-8 အထိပြီးဆုံးခဲ့ပြီဖြစ်ပြီး week-8 ရဲ့သီဆိုယှဉ်ပြိုင်တစ်ခုဖြစ်တဲ့ “ရုပ်ရှင်ဇာတ်ဝင်တေးများ” သီဆိုမှုအပတ်မှာ မူရင်းတေးသံရှင်နီနီဝင်းရွှေသီဆိုထားတဲ့ “မြင့်မိုရ်ထက်မြင့်သော” သီချင်းကို အက်စတာက သီဆိုယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး Myanmar Idol မှ Host ဖြစ်သူ ကျော်ထက်အောင်ကတော့ ဒီသီချင်းကို (၁၉၉၁) ခုနှစ်မှာ ဒါရိုက်တာကြည်စိုးထွန်းရိုက်ကူးထားတဲ့ “သမီးနှင့်အမေများ” ဇာတ်ကားမှာပါဝင်ခဲ့ပြီး တေးရေးစန္ဒရားလှထွဋ်၊ပြန်လည်သီဆိုသူ ထွန်းအိန္ဒြာဗိုလ် လို့ ကြေညာခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နီနီဝင်းရွှေကတော့ စင်ပေါ်မှာပြောတဲ့သူကတော့ ဒီသီချင်းနဲ့တော်တော်အလှမ်းဝေးမယ်ထင်လို့ အပြစ်မမြင်ပေမယ့် စိတ်မကောင်းဖြစ်သွားပြီး ဆက်မကြည့်ဖြစ်တော့ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် “ဒီသီချင်းကို နီနီ US ထွက်လာပြီး‌နောက်ပိုင် စန္ဒယားလှထွဋ်ကိုယ်တိုင် သူ့ CD မှာ ပြန်လည်သီဆိုခဲ့ပါတယ်… သိသလောက်ပြန်လည်သီဆိုသူ အမျိုးသမီး တေးသံရှင် ငါးယောက်လောက်ရှိပါတယ်။ ဒါရိုက်တာ ကြည်စိုးထွန်း ကျန်းမာစွာရှိပါသေးတယ်,ရုပ်ရှင်မင်းသမီးတွေလည်းရှိပါသေးတယ်, still နီနီကိုယ်တိုင်လည်း USA မှာမိသားစုနဲ့အတူ အသက်ရှင်လျှက်ရှိနေပါ‌သေးတယ်။ဘာ‌ကြောင့် အခုလို ဖြစ်တာလည်းနီနီမသိပါဘူး အခုလို‌ရေးရတာကလည်း ဘာသီချင်းအသစ်မှထပ်မထွက်နိုင်သေးတာကိုတောင် နားလည်ခွင့်လွှတ်ပြီး ဒီနေ့ အထိ ချစ်ခင်အားပေးနေတဲ့ နီနီ့ ပရိတ်သတ်တွေကြောင့်ပါ”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

ကိုယ်အသက်ရှင်လျက်ရှိနေသေးပါလျက်နဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့သီချင်းတစ်ပုဒ်ကို အသိမှတ်ပြုမခံရဘူးဆိုတာတော့ မဖြစ်သင့်ဘူးထင်ပါတယ်နော် ပရိသတ်ကြီးရေ။ စိတ်မကောင်းဖြစ်နေတဲ့ အန်တီနီနီဝင်းရွှေရဲ့ ရင်ထဲကခံစားချက်တစ်ချို့ကို ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေလိုက်ပါတယ်နော်။