သားဖြစ်သူကို မှီခိုနေရလို့ အခုဘယ်လိုရှေ့ဆက်ရမလဲလို့ အစ္စဏီမိခင်ပြော

အနုပညာ

အဆိုတော်အစ္စဏီရဲ့ ၁နှစ်နဲ့ ၉လရှိပြီဖြစ်တဲ့အမှုကို ဇန်နဝါရီ ၇ရက်နေ့က အမှုချမှတ်ခဲ့တဲ့အပေါ်မှာ သားဖြစ်သူကို မှီခိုနေရတဲ့ မိခင်တယောက်အနေနဲ့ ဘယ်လိုရှေ့ဆက်ရမလဲလို့ မိခင်ဖြစ်သူကပြောပါတယ်။

“မထင်မှတ်ထားဘဲ အခုလိုအမိန့်ကျသွားတော့ အကုန်လုံး တော်တော်လေးစိတ်ထိခိုက်သွားတယ်။ သားကိုလည်း စိတ်ပူတယ်။ အန်တီတို့ကသားကို စိတ်ပူနေရတာ။ အန်တီဘယ်လိုရှေ့ဆက်မလဲ။ အဲ့တော့ဘာပဲဖြစ်ဖြစ်ကျပြီးသွားပြီ။ ဆက်ပြီးတော့ အယူခံတက်မယ်။ မျှမျှတတမှန်မှန်ကန်ကန်လေး ဆုံးဖြတ်ပေးကြပါလို့ပြောချင်ပါတယ်” လို့ အစ္စဏီရဲ့ မိခင်ကပြောပါတယ်။

Image result for အစ္စဏီ

တဖက်က တရားလိုဖြစ်သူကလည်း ကျေအေးပေးထားတာကြောင့် လွတ်မြောက်မယ်ဆိုတဲ့ယုံကြည်ချက်နဲ့ သားအမိ၂ယောက်စလုံးရော ဆွေမျိုးများကပါ ယုံကြည်ထားပေမယ့် ဖြစ်မလာခဲ့ဘူးလို့ ဆိုပါတယ်။“မျှော်လင့်ချက်အလင်းရောင်ရှိတယ်ဆိုပြီး ရင်ဆိုင်လာတာ ၁နှစ်နဲ့ ၉လမှာ သားအမိ ၂ယောက်လုံးရော တဆွေလုံး တမျိုးလုံးရော ဒီမျှော်လင့်ချက်နဲ့ တချက်မျက်နှာမညှိုးခဲ့ဘူး။ သားမှာလည်း အမှန်တရားတခုရှိတယ်။ တဖက်မှာလည်း ရှိတယ်”

“ လူငယ်အချင်းချင်းစိတ်ဆိုးလို့ ဖြစ်ကြတာလေ။ အဲ့အပေါ်မှာ ရုံးရောက်တယ်။ ပြီးသွားမယ်ဆိုတဲ့အသိလည်း ရှိတယ်။ နောက်တော့မပြီးလို့ စစ်တယ်။ စစ်တော့ အန်တီ့သားလေးက အမှန်တရားလေးတခုကိုသိတယ်။ အဲ့အတွက်ကို လွတ်မြောက်မယ်လို့ ယုံကြည်ထားတယ်” လို့ အစ္စဏီ့မိခင်ကပြောပါတယ်။

Related image

မိခင်ဖြစ်သူမှာ တရားရင်ဆိုင်နေစဉ်အချုပ်ကျနေချိန်များရဲ့ ရုံးချိန်းကိုလည်း အမြဲမပြတ်လာရောက်ခဲ့ပြီး နောက်ဆုံးအပြီးသတ် အမိန့်ချတဲ့နေ့ မှာ သားဖြစ်သူနဲ့မတွေ့ခဲ့ရဘူးလို့ သိရပါတယ်။“အန်တီ့သားလေးက ၁နှစ်နဲ့ ၉လကို ထိုက်တန်တဲ့ပြစ်ဒဏ်ဖြစ်သွားပြီးပြီလေ။ လွတ်မယ်ပဲယုံကြည်ထားတာ ကျန်တာ အန်တီမသိဘူး။ ပြီးသွားမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့လာတာ အမိန့်ချလိုက်တယ်။ သားကိုတောင်စကားမပြောရဘူး။ ချက်ချင်းကားပေါ်တင်တာ”

Image result for အစ္စဏီ

“ ဘယ်လိုမှသားအမိ ၂ယောက် တိုင်ပင်ချိန်မရလိုက်ဘူး။ သူ့အတွက်လည်း အန်တီစိုးရိမ်တယ်။ တဖက်မှာလည်း အဘိုးကြီးအဘွားကြီးတွေရှိတယ်။ အန်တီဘယ်လိုဆက်ပြီးရပ်တည်မလဲ” လို့ မိခင်ဖြစ်သူကပြောပါတယ်။

Image result for အစ္စဏီ မိခင်

၂နှစ်နီးပါးရှိပြီဖြစ်တဲ့အတွက် ငွေရေးကြေးရေးလည်း အဆင်မပြေတော့ဘဲ ဆွေမျိုးအသိုင်းအဝိုင်းနဲ့ သားဖြစ်သူရဲ့ အပေါင်းအသင်းများက ကူညီပေးကြတယ်လို့ သိရပါတယ်။ “ဘယ်လိုအဆင်ပြေမလဲ။ ဆွေမျိုးအသိုင်းအဝိုင်း သားနဲ့ပတ်သက်တဲ့သူငယ်ချင်းတွေက အန်တီ့ကိုထောက်ပံ့ကြတယ်။ ကူညီကြတယ်။ တော်တော်များများကူညီကြတယ်” လို့ ပြောပါတယ်။

Related image

ကိုယ်တိုင်လည်း သားဖြစ်သူအချုပ်ကျနေစဉ်အတွင်း နှလုံးသွေးကြောကျဉ်းရောဂါကို ကုသနေရပြီး သားဖြစ်သူရဲ့ ကျန်းမာရေးကိုလည်း စိတ်ပူတယ်လို့ ဆိုပါတယ်။ “ကျန်းမာရေးကို စိုးရိမ်တယ်။ အန်တီလည်း သူဖြစ်တဲ့ ၁နှစ်နဲ့ ၉လအတွင်း နှလုံးသွေးကြောကျဉ်းရောဂါကို ဆေးကုနေရတယ်။ သူ့အတွက်လည်း စိုးရိမ်တယ်။ သူမထင်ထားတာ ဖြစ်သွားတာလေ။ စိတ်ဓာတ်တွေကျသွားပြီ။ အန်တီ့သားလည်း အနုပညာရဲ့ကြယ်ပွင့်တခုပဲလေ။ အနုပညာနဲ့ အလုပ်အကျွေးပြုနေတာ။ ဒီလိုကြီးဖြစ်သွားတော့ လမ်းမမြင်ကမ်းမမြင်ဖြစ်သွားပြီ။ သူ့အတွက်လည်း စိုးရိမ်ရတာပေါ့” လို့ အစ္စဏီ့မိခင်ကပြောပါတယ်။

Related image

အစ္စဏီကိုတော့ ဇန်နဝါရီလ ၇ရက်နေ့က ပုဒ်မ ၃ခုအတွက် စုစုပေါင်းထောင်ဒဏ် ၇နှစ်ကျသွားပြီဖြစ်ပေမယ့် ရက်ပေါင်း ၃၀အတွင်းအယူခံဝင်လို့ရနိုင်သေးတဲ့အတွက် အယူခံဝင်သွားဦးမှာဖြစ်တယ်လို့ သိရပါတယ်။

ဧရာဝတီ