သဉ္ဇာတစ်ယောက် ကိုရီးယားဇာတ်ကားတွေ၊ ကိုရီးယား သီချင်းတွေကို ကြိုက်လွန်းလို့ အစ်မဖြစ်သူ ဝါဆိုမိုးဦးနဲ့ ရန်ဖြစ်ရတယ်လို့ ဆိုပါတယ်။ လောလောဆယ်တော့ မြောက်ကိုရီးယားဗိုလ်ကြီးကို သဘောကျနေတယ်လို့ ပြောပါတယ်။
ဝါဆိုမိုးဦးရဲ့ ညီမလေး သဉ္ဇာကတော့ ကိုရီးယားဇာတ်ကားတွေကြည့်၊ ကိုရီးယားသီချင်းတွေ နားထောင်ရတာ သဘောကျတယ်လို့ ဆိုပါတယ်။ အစ်မဖြစ်သူ ဝါဆိုမိုးဦးနဲ့ အကြိုက်မတူတော့ အဆူခံရတာတွေရှိတယ်လို့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
“ ညီမက ကိုရီးယားနဲ့ ပတ်သက်လာရင် Kpop သီချင်း အကုန်သိတယ်။ အင်္ဂလိပ်သီချင်းတောင် အဲဒီလောက် နားမထောင်ဘူး။ မမနဲ့ဆို အမြဲရန်ဖြစ်တယ် ညီမက ကိုရီးယား၊ မမက အင်္ဂလိပ်ပေါ့။ ညီမနဲ့ အစ်မနဲ့က လုံးဝ Type မတူဘူး။ ဝတ်စားပုံကလည်း မတူဘူး ကွာတယ်။ တစ်ခါတလေကျရင် သူက ဒီအဝတ်အစားဝတ်ဆိုရင် ကိုယ်က မဝတ်ချင်ဘူး။ စကားနားမထောင်ရင် အမြဲတမ်း ပွစိ ပွစိနဲ့ အပြောခံရတယ်” လို့ ဆိုပါတယ်။
လက်ရှိရေပန်းစားနေတဲ့ ကိုရီးယားရုပ်သံဇာတ်လမ်းတွဲထဲက မြောက်ကိုရီးယားဗိုလ်ကြီး ရီဂျောင်ဟွတ် ကို သဘောကျနေတယ်လို့ သဉ္ဇာက ရယ်ရယ်မောမောနဲ့ ပြောပြခဲ့ပါတယ်။
“ သဉ္ဇာအခုကြည့်နေတဲ့ ကိုရီးယားဇာတ်ကားက crash landing on you ဆိုတဲ့ ဇာတ်ကားကြည့်နေတယ်။ အဲဒီဇာတ်ကားထဲက မင်းသား Hyun Bin ကို အရမ်းကြိုက်နေတယ်။ သူကလေ ယောက်ျားပီသတယ်။ သူက ချောတဲ့အထဲမှာမပါပေမယ့် ယောက်ျားဆန်တယ်၊ သူ့ရဲ့ အပြုအမူတွေက ယောက်ျား ပီသတယ်ပေါ့နော်။ သဉ္ဇာကတော့ အဲဒီလို Type မျိုးကို ပိုသဘောကျတယ် ထင်တာပဲ” လို့ ဆိုပြီးတော့ ဇန်နဝါရီလ ၁၁ ရက်နေ့က “ဝင်္ကပါ လမ်းမများ” ရုပ်သံဇာတ်လမ်းတွဲ မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။
တောင်ကိုရီးယားမင်းသားချော Hyun Bin ကတော့ လက်ရှိ ကိုရီးယားဇာတ်ကားကိုအားပေးနေတဲ့ မိန်းကလေး ပရိသတ်တွေ ကြားမှာ ရေပန်းစားနေသူ တစ်ယောက်ပါ။ သဉ္ဇာကတော့ Hyun Bin လို ယောက်ျား ဆန်တဲ့ ကောင်လေးမျိုးကို ချစ်သူရွေးမယ်လို့ ဆိုပါတယ်။
“ အရင်တုန်းက Hyun Bin ဇာတ်ကားတွေကြည့်ဖူးပါတယ်။ အဲဒီတုန်းက သိပ်မကြိုက်ဘူး။ အခုကျမှ ဘာဖြစ်လို့လဲ မသိဘူး။ ကာရိုက်တာ ပြောင်းလဲ သွားတာကြောင့်လည်း ပါမယ်ထင်တယ်။ Hyun Bin နဲ့ တူတဲ့လူတော့ မတွေ့သေးပါဘူး။ တကယ်လို့ ကိုယ်က ချစ်သူရွေးမယ်ဆိုရင်တော့ ရုပ်ချောတာတွေ မတွေးဘူး ယောက်ျားဆန်တဲ့လူကို ရွေးမယ်။ စိတ်ဓာတ်ကောင်းဖို့ကတော့ အဓိက ပါပဲ” ဆိုပြီးတော့ ဆက်လက် ပြောပြခဲ့ပါတယ်။
သဉ္ဇာ့(Thinzar) ကိုတော့ ဝါဆိုမိုးဦးက ဖေ့စ်ဘွတ်ပေါ်မှာ ညီမလေးအရင်းလေးပါဆိုပြီးတော့ မိတ်ဆက်ပေးလိုက်ကတည်းက ပရိသတ်တွေ စတင်သတိထားမိခဲ့တာဖြစ်ပါတယ်။ သူမက လက်ရှိမှာ တီဗီကြော်ငြာတွေ ရိုက်ကူးနေရသူဖြစ်လို့နေပါပြီ။ ပညာရေးမှာလည်း ကြိုးစားနေသူဖြစ်သလို အနုပညာလှုပ်ရှားမှုတွေလည်း မကြာခဏ ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ချစ်စရာကောင်းတဲ့ အပြုံးပိုင်ရှင်လေးလည်းဖြစ်သလို ဘာဘီရုပ်လေးနဲ့ တူတဲ့ သူမရဲ့ ခန္ဓာကိုယ်အချိုးအစား၊ အလှအပတွေကြောင့်လည်း ယောက်ျားလေး ပရိသတ်တွေက ပိုတိုးလို့ အားပေးလာကြတာဖြစ်ပါတယ်။
ဆယ်လီရပ်ကွက်